2026~2030 အလုပ်သင်အစီအစဉ် (Internship Program) FAQs

2026~2030အလုပ်သင်အစီအစဉ် (Internship Program) အတွက် အမေးများသော မေးခွန်းများနှင့် အဖြေများ။ လျှောက်ထားနည်း၊ ထောက်ပံ့မှု၊ Interview လုပ်ငန်းစဉ်၊ Invitation Letter အချက်အလက်များ အားလုံး တစ်နေရာတည်းတွင်။

2026~2030 အလုပ်သင်အစီအစဉ် (Internship Program) FAQs

အပိုင်း (က) — လျှောက်ထားခြင်းဆိုင်ရာ

၁) အရည်အချင်းကိုက်ညီသူ ဘယ်သူတွေ လျှောက်ထားလို့ ရမလဲ?

လျှောက်ထားသူသည် ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာဆက်စပ် တက္ကသိုလ်များတွင် စာသင်ကြားမှုပြီးစီး၍ —

  • ၁) ကျောင်းမှ internship ဆင်းရန် လမ်းညွှန်မှု ရရှိထားသူ၊
  • ၂) ရှေ့ဆက်ခရီးသည် သင်ယူခဲ့သော တက္ကသိုလ်မဟုတ်တော့ပဲ မိမိ၏ဘဝခရီး career path ဖြစ်သည်ဆိုတာကို နားလည်ထားသူ၊
  • ၃) ဤ ၃ လတာအတွင်း စီနီယာများ၏ လုပ်ငန်းခွင်လိုအပ်ချက် လမ်းညွှန်သင်ပြပေးမှုများကို နာခံ၍ မိမိအလုပ်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်လိုသူ၊
  • ၄) အလုပ်သင်တွင် YouTube ထိုင်ကြည့်သလို ပါဝင်ခြင်းမျိုးမဟုတ်ပဲ တကယ်လက်တွေ့ကျကျ ပါဝင်လုပ်ကိုင်ကာ Work Attitude & Solid Skill Set ရယူလိုသူ၊
  • ၅) "ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ၊ မှန်တာပြော၊ ဟုတ်တာလုပ်" ဆောင်ပုဒ်ဖြင့် (ပထမခြေလှမ်းတွင်ပင် မလွှင့်ပစ်မိပဲ) ယုံကြည်စွာ လက်ကိုင်ထား၍ သူငယ်ချင်းများထက် သာလွန်သော လက်တွေ့ကျသည့် ဘဝအောင်မြင်မှုများကို ရယူပိုင်ဆိုင်လိုသူ —

အထက်ပါအချက်များနှင့် ပြည့်စုံသူများ လျှောက်ထားရန် သင့်တော်ပါသည်။

အထူးကမ်းလှမ်းချက်။ ။ လုပ်ငန်းမှ ကြိုးစားသူကို မိမိတို့အလုပ်တွင် တရားဝင်ဝန်ထမ်းအဖြစ် ဆက်လက်လုပ်ကိုင်ရန် ကမ်းလှမ်းမှုများ ရရှိနိုင်သလို၊ ပါဝင်သူသည် လွတ်လပ်စွာ သူ၏ career path ကို အခြားလုပ်ငန်းတွင်လည်း ရွေးချယ်နိုင်ပါသည်။

၂) အလုပ်သင် လျှောက်ထားရာတွင် ဘယ်အဆင့်တွေ လုပ်ဆောင်ရမလဲ?

  • (၁) မိမိ အလုပ်သင်လျှောက်ထားမည့် infotechmyanmar.com website ကို လေ့လာပါ။
  • (၂) မိမိနှင့် သင့်တော်သည်ဆိုမှ အလုပ်လျှောက်လိုပါသည်ဟူ၍ contact ပြုလုပ်ပါ။
  • (၃) HR ဌာနမှ ပေးသော ဖုန်းအင်တာဗျူး (နှင့်/သို့) အွန်လိုင်းဖောင်ကို ဖြည့်ပါ။
  • (၄) သင့်အင်တာဗျူး Pass ဖြစ်သည်ဆိုရင် Invitation Letter ကို လက်ခံရရှိမည် ဖြစ်ပါသည်။
  • (၅) အဆိုပါ Invitation Letter ကို နားလည်လက်ခံပါကြောင်း ကျောင်းသားအမည် (သို့) လက်မှတ်၊ ကျောင်းသား ID၊ နှင့် နေ့စွဲ ရေးထိုး၍ ပြန်လည်ပို့ဆောင်ပေးပါ။

မှတ်ချက်။ ။ အကယ်၍ လုပ်ငန်းမှ နေထိုင်စရာ စီစဉ်ပေးသည်ဆိုရင် ရန်ကုန်အရောက် မိမိအစီအစဉ်ဖြင့် လာခဲ့ပါ။ ရန်ကုန် သင့်တော်သော နေရာတစ်ခုတွင် Pick up Point သတ်မှတ်၍ လာခေါ်ပေးပါမည်။

၃) ကျောင်းသား project ကို ကူညီလုပ်ကိုင်ပေးမလား?

အင်ဖိုတက်မြန်မာသည် စီးပွားရေးလုပ်ငန်းတစ်ခုမျှသာ ဖြစ်ပါသည်။ ကျောင်း/တက္ကသိုလ်/စာသင်ကြားပေးသောနေရာ မဟုတ်ပါ။ လုပ်ငန်းသည် သူ၏ ကာစန်မာများ၏ လိုအပ်ချက်များကိုသာ ရည်ရွယ်၍ IT Solution/Project များ လုပ်ဆောင်မည် ဖြစ်ပါသည်။

ယေဘုယျအားဖြင့် ကျောင်းသားသည် ကျောင်း Project များ ပြုလုပ်နှင့်ပြီး ဖြစ်ပါသည်။ အကယ်၍ ကျောင်း Project များ ထပ်လုပ်ကိုင်ရဦးမည်ဆိုရင် သက်ဆိုင်ရာ ကျောင်းသားများ အချင်းချင်း အဖွဲ့ဖွဲ့၍ (ရုံးချိန်ပြင်ပ) လွတ်လပ်စွာ ပြုလုပ်နိုင်ပါသည်။

သတိမူရန်။ ။ အလုပ်နေရာတွင် ဖန်တီးပြုလုပ်သော ဒီဇိုင်း၊ ဗီဒီယို၊ ကုဒ်၊ မိုဘိုင်းအပ် စသဖြင့် ဉာဏမူပိုင်ခွင့်များအားလုံးသည် အလုပ်၏ ပိုင်ဆိုင်မှု (Proprietary) များသာ ဖြစ်ပါသည်။ ကျောင်းသားမှ ပရောဂျက်အတွက်၊ မိမိကိုယ်ကျိုးအတွက်၊ (သို့) မည်သည့်အကြောင်းပြချက်အတွက်နှင့်မျှ ပြင်ပသို့ ယူဆောင်ရောင်းချခြင်း၊ မှီငြမ်းကိုးကားကူးယူခြင်း၊ (သို့) လုပ်ငန်းအကျိုးမဲ့စေရာမည့် မည်သည့်ပြုလုပ်မှုမျိုးကိုမှ မပြုလုပ်ပါရန် တောင်းဆိုထားပါသည်။


အပိုင်း (ခ) — ထောက်ပံ့မှုနှင့် အထောက်အကူဆိုင်ရာ

၁) အလုပ်သင် (Internship) ဆင်းသူများကို လစာပေးပါသလား? အခြားမည်သည့် ထောက်ပံ့မှုများ ရှိသလဲ?

  • လစာ: အလုပ်သင် ကာလအတွင်း ပုံမှန်လစာ သတ်မှတ်ထားခြင်း မရှိသလို မည်မျှ ငွေကြေး ထောက်ပံ့မည်ကိုလည်း သတ်မှတ်ထားခြင်း မရှိပါ။
  • မုန့်ဖိုး: အလုပ်သင်၏ ကြိုးစားအားထုတ်မှုနှင့် ရလဒ်ကောင်းများအပေါ် မူတည်၍ sense of achievement လက်ဆောင်များ မုချ ရှိပါမည်။
  • နေထိုင်စရာ: ရိုးသား ကြိုးစားပြီး စီနီယာများထံမှ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန် စိတ်အားထက်သန်သော ကျောင်းသားများ၊ မိမိတို့၏ အသက်မွေးဝမ်းကြောင်းအတွက် လိုအပ်သော Solid Skill Set များ ရရှိရန် ကြိုးစားသော ကျောင်းသားများအတွက် Infotech Myanmar သည် နေထိုင်စရာ အခက်အခဲ မရှိစေရန် စီစဉ်ပေးနိုင်ပါသည်။ နေစရာ အခက်အခဲ ရှိပါက Accommodation စီစဉ်ပေးရန် အမြဲ အသင့်ရှိနေပါသည်။
  • သွားလာစရိတ်: အဆောင်နှင့် ရုံးဝေးကွာပြီး လမ်းလျှောက်သွားရန် မဖြစ်နိုင်ပါက၊ သွားလာရေး အဆင်ပြေစေရန်အတွက် သင့်တော်သော ထောက်ပံ့မှု ရှိပါမည်။

မှတ်ချက်။  ။ Accommodation ပံ့ပိုးပေးနိုင်မှုတွင် အကန့်အသတ် ရှိနိုင်ပါသည်။ ထို့ကြောင့် နေရာထိုင်ခင်း သေချာစေရန်အတွက် အမြန်ဆုံး လျှောက်ထားရန် လိုအပ်ပါသည်။ Accommodation ရရှိမှုကို ကြိုတင် အတည်ပြု အကြောင်းကြားပေးပါမည်။

၂) ဘာကြောင့် Internship ဆင်းသူများတွင် ပုံမှတ်လစာ မရှိထားတာလဲ?

အလုပ်သင် လျှောက်ထားသူများသည် လုပ်ငန်းခွင် အတွေ့အကြုံ ရရှိရန် ရည်ရွယ်၍ လျှောက်ထားကြသူများ ဖြစ်ကြပါသည်။ တက္ကသိုလ် သို့မဟုတ် ကျောင်းပြီးကာစ ဖြစ်၍ အတွေ့အကြုံ ရှိခြင်း၊ တာဝန်ယူနိုင်ခြင်း၊ နှင့် လုပ်ငန်းအတွက် အဆင်သင့် ဖြစ်နေသည်ဟု မဆိုနိုင်ပါ။ ထို့ကြောင့် အလုပ်သင် ဆင်းသူများကို လုပ်ငန်းမှ တာဝန်ကြီးကြီးမားမား (responsibilities) များ ပေးအပ်နိုင်ခြင်း မရှိသလို၊ လိုအပ်ပါက အလုပ်ချိန်အတွင်း လမ်းညွှန်သင်ပြပေးမှုများပင် ပြုလုပ်ပေးရမည် ဖြစ်ပါသည်။

၃) မည်သို့ဆိုလျှင် ပုံမှန်လစာ + အထူးကမ်းလှမ်းမှုများ ရရှိနိုင်မလဲ?

လုပ်ငန်း၏ အလုပ်ခေါ်ယူမှု (Vacancy) နှင့် အရည်အချင်း ကိုက်ညီပြီး သက်ဆိုင်ရာ ရာထူးအပေါ် တာဝန်ယူနိုင်ကာ တာဝန်ကျေပွန်နိုင်မည်ဆိုပါက ပုံမှန်လစာ + အထူးကမ်းလှမ်းမှုများ (Benefit) ဖြင့် တိုက်ရိုက် လျှောက်ထားနိုင်ပါသည်။

Infotech Myanmar ၏ Open Team Member Recruitment အသေးစိတ်ကို လေ့လာလိုပါက အောက်ပါ လင့်ခ်တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

🔗 https://infotechmyanmar.com/blogs/vacancy

၄) ဘာကြောင့် Infotech Myanmar တွင် အလုပ်သင် ဆင်းသင့်သလဲ?

Infotech Myanmar သည် လက်ရှိ မြန်မာနိုင်ငံရှိ Local SME စီးပွားရေးလုပ်ငန်းများ လိုအပ်နေသည့် IT Solutions များစွာကို ဝန်ဆောင်မှု ပေးအပ်လျက်ရှိပါသည်။

ကျွန်ုပ်တို့ထံတွင် လက်ရှိ အကောင်အထည်ဖော်နေဆဲနှင့် အဆင်သင့် ဝန်ဆောင်မှု ပေးနိုင်သော နယ်ပယ်စုံ IT Solutions များ ရှိနေပါသည် -

  • စားသောက်ဆိုင် စီမံခန့်ခွဲမှုစနစ် (MyanMenu): မြန်မာနိုင်ငံတွင် နံပါတ် (၁) အချိန်မရွေး ငွေပြန်အမ်း အာမခံချက်ဖြင့် ဝန်ဆောင်မှုပေးနေသော POS စနစ်၊

  • Private School Management System: ကျောင်းသား၊ ဆရာနှင့် ကျောင်းတည်ထောင်သူများအတွက် အလွန် အကျိုးကျေးဇူးများသော ကျောင်းစီမံခန့်ခွဲမှုစနစ်၊

  • Logistics Tracking System: ပြည်တွင်း/ပြည်ပ ကုန်ပစ္စည်း ပို့ဆောင်မှုများကို စနစ်တကျ စီမံပေးနိုင်သော စနစ်၊

  • စာကြည့်တိုက် မိုဘိုင်းအက်ပ်များ (sarkyitite.com): အဘိဓာန်နှင့် ဘာသာစကား ပညာရေး သင်ထောက်ကူများ စနစ်တကျ ထုတ်ဝေပေးနေသော မိုဘိုင်းအက်ပ်များ။

ထို့ကြောင့် ကျောင်းသားများအနေဖြင့် Infotech Myanmar တွင် အလုပ်သင်ဆင်းခြင်းဖြင့် လက်တွေ့ လုပ်ငန်းခွင် အတွေ့အကြုံကောင်းများစွာကို ရရှိနိုင်မည် ဖြစ်ပါသည်။

၅) လက်ရှိ အိုင်တီအလုပ်အကိုင် အခြေအနေနှင့် အလုပ်သင်ကာလမှ ရရှိမည့် အကျိုးကျေးဇူးများ

ယနေ့သည် AI ခေတ်သို့ ကူးပြောင်းလာသည်နှင့်အမျှ AI နည်းပညာကို အသုံးပြု၍ Content, Design, Coding နှင့် UI/UX စသည်တို့ကို ဖန်တီးပြုလုပ်လာနိုင်ကြသည့်အတွက် Junior ရာထူးများ၏ လိုအပ်ချက်မှာ မှေးမှိန်လာပြီး Vacancy များလည်း နည်းပါးသွားပါသည်။

နည်းပညာ ကျွမ်းကျင်မှု၊ အတွေ့အကြုံ၊ လုပ်ငန်းတစ်ခုလုံးကို အစမှအဆုံး ဦးဆောင် လုပ်ကိုင်နိုင်မှုနှင့် တာဝန်ယူနိုင်မှုတို့သည် မရှိမဖြစ် (Mandatory) လိုအပ်လာသဖြင့် Specialist / Executive / Senior Executive စသည့် ရာထူးများအတွက်သာ အလုပ်ခေါ်ယူမှု ပိုမိုများပြားလာခြင်း ဖြစ်ပါသည်။

ထို့ကြောင့် အလုပ်သင် ကာလအတွင်း မိမိ၏ အရည်အချင်းနှင့် ကိုက်ညီသော ရာထူးကို ရည်မှန်း၍ အရည်အချင်း ပြည့်မီအောင် တည်ဆောက် ရယူရမည် ဖြစ်ပါသည်။

အလုပ်သင် ကာလအတွင်း ရရှိမည့် အကျိုးကျေးဇူးများနှင့် လုပ်ဆောင်ရမည့် အချက်များ -

  • ထိရောက်သော လေ့လာသင်ယူမှု: စီနီယာများ၏ လမ်းညွှန်သင်ပြမှုကို နာခံ၍ လုပ်ငန်းခွင် လိုအပ်ချက်များကို မြန်မြန်ဆန်ဆန် လေ့လာသင်ယူပြီး လက်တွေ့ ပြန်လည် အသုံးချနိုင်မည်။

  • တစ်ဆင့်ပြီးတစ်ဆင့် လေ့ကျင့်ခွင့်: စီနီယာများ ပေးအပ်သည့် သင့်တော်လွယ်ကူသော လုပ်ငန်းစဉ်များ (Biteable Tasks) မှ စတင် လုပ်ကိုင်ရမည်ဖြစ်ပြီး၊ နောက်ပိုင်းတွင် ပိုမို အဆင့်မြင့်သော Tasks များကို ဆက်လက် တာဝန်ယူ လုပ်ကိုင်သွားရမည်။

  • Solid Knowledge & Skill Set ရရှိခြင်း: အလုပ်သင် ကာလ ပြီးဆုံးပါက မိမိ တာဝန်ယူမည့် ရာထူးအတွက် အမှန်တကယ် ကျွမ်းကျင် အဆင်ပြေစေမည့် Solid Knowledge, Skill Set နှင့် လက်တွေ့ လုပ်ငန်းခွင် အတွေ့အကြုံများကို အပြည့်အဝ ပိုင်ဆိုင်ရရှိမည်။

  • အနာဂတ် အလုပ်အကိုင် အခွင့်အလမ်း: Infotech Myanmar ၏ Official Job Offer ကို တိုက်ရိုက် ရရှိနိုင်သည့်အပြင် အခြား လုပ်ငန်းခွင်များသို့ လျှောက်ထားလိုပါကလည်း ခိုင်မာသော Recommendation Letter ကို ရရှိနိုင်မည် ဖြစ်ပါသည်။

အနာဂတ်တွင် အိုင်တီ သို့မဟုတ် အိုင်တီနှင့် ဆက်စပ်သော နယ်ပယ်တွင် အသက်မွေးဝမ်းကြောင်း ပြုမည်ဆိုပါက ယခု အလုပ်သင် ကာလသည် သင်တန်းကြေး ပေး၍ တက်ရောက်ခြင်းထက်ပင် ပိုမို အကျိုးရှိစေမည့် အချိန်ဖြစ်ပါသည်။

၆) ရုံးမှာ ဘာ facility တွေ ရရှိမှာလဲ?

အင်ဖိုတက်မြန်မာသည် အိုင်တီနည်းပညာများကို SME လုပ်ငန်းများအား ဝန်ဆောင်မှုပေးအပ်နေသည့် အားလျော်စွာ အင်တာနက်လိုင်း၊ လေအေးပေးစက်၊ လျှပ်စစ်မီး၊ ရေ၊ လက်ဖက်ရည်၊ အစာပြေစာဖွယ်၊ နှင့် သန့်ရှင်းသတ်ရပ်သော ရုံးနေရာများကို Team Member များကို ပံ့ပိုးပေးထားပါသည်။ ဒါကြောင့် အလုပ်သင်ဆင်းသော ကျောင်းသားသည်လည်း တူညီသော ထောက်ပံ့မှုမျိုးကို ရရှိမည် ဖြစ်ပါသည်။

အထူးအချက်။ ။ Infotech Myanmar သည် လွတ်လပ်မှုရှိခြင်း၊ လေဝင်လေထွက်ကောင်းမွန်ခြင်း၊ နှင့် ကျောင်းသား၏ တိုးတက်မှုများကို ရည်ရွယ်ထားပါသည်။ ကျောင်းသားများကို အချိန်ပြည့် Internet Access ကို ထောက်ပံ့ပေးထားမည် ဖြစ်ပါသည်။


အပိုင်း (ဂ) — သင်ယူမှုနှင့် လုပ်ငန်းတာဝန်ဆိုင်ရာ
၁) ကျောင်းသားကို မည်သည်များ သင်ပေးမလဲ?

ကျောင်းသားကို လက်တွေ့အိုင်တီဝန်ဆောင်မှုများတွင် ပါဝင်လုပ်ကိုင်နိုင်စေရန် စီနီယာများမှ လမ်းညွှန်သင်ပြမှုများ ပြုလုပ်ပေးပါမည်။ ကျောင်းသားသည် ရရှိလာသော အသီးအပွင့်များကို လက်တွေ့အသုံးချ၍ Work Attitude ကို ရရှိစေပါမည်။ နောက်ဆုံး ကျောင်းသားသည် သူ၏ Career Path Life Long အတွက် Solid Skill Set ကို ရရှိသွားစေမည် ဖြစ်ပါသည်။

မှတ်ချက်။ ။ လုပ်ငန်းမှ မည်သည်ကို သင်ပေးလိုက်ခြင်းထက် ကျောင်းသားက မည်သည်ကို သတိမူပြီး သင်ယူမိသလဲက ပို၍ပင် အရေးကြီးပါသည်။

၂) သင်တန်းပြီးရင် Senior Developer ဖြစ်သွားမလား?

Computer Programming Skill သည် အချိန်ယူတည်ဆောက်ရသော အရည်အချင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ ကျောင်းသားတွင် တက္ကသိုလ် ၄~၅ နှစ်တာအတွင်း ကောင်းမွန်သော အရည်အချင်းများ ပိုင်ဆိုင်ခဲ့သည်ဆိုရင် မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပါ။ အရည်အချင်းက မုချထွက်ပေါ်လာမည် ဖြစ်ပါသည်။ ထို့အတူ တက္ကသိုလ် ၄~၅ နှစ်တာအတွင်း အားနည်းခဲ့သည်ဆိုရင်လည်း အခု internship ၃ လတာက အပြောင်းအလဲကြီးကြီးမားမား ဖြစ်စေမည် မဟုတ်ပါ။

နားလည်ထားရန်။ ။ နည်းပညာဝန်ဆောင်မှုတွင် ရာထူးများစွာ ရှိနေပါသည်။ အကယ်၍ Dev နှင့် အလှမ်းဝေးသည်ဆိုရင် ဤ ၃ လအတွင်း ဖိတွန်းခြင်းက အချည်းနှီးသာ ဖြစ်နိုင်ပါသည်။ ဒါကြောင့် လုပ်ငန်းစီနီယာများမှ လမ်းညွှန်သင်ပြပေးမှုများကို နာခံ၍ လက်ရှိ ဈေးကွက်တွင် အလုပ်ခေါ်ယူမှုများ ရှိသော ရာထူးကို ရည်စူး၍ လုပ်ငန်းခွင် ဝင်နိုင်သော အလုပ်သဘောတရား၊ လုပ်ငန်းအတွေ့အကြုံ၊ လုပ်ငန်းခွင် အသုံးဝင် အရည်အချင်း ကိုယ်ပိုင် Solid Skill Set ကို ဖော်ထုတ်ပါလို့ အကြံပြုထားခြင်း ဖြစ်ပါသည်။

၃) IT Solution Marketing အလုပ်ကို လုပ်ကိုင်ပါက Programming Development အရည်အချင်းများ ကျဆင်းသွားနိုင်ပါသလား?

ကျဆင်းသွားမည် မဟုတ်ပါ။ အမှန်တကယ်တော့ Programming အမြင်များကို ပိုမိုတိုးတက် ကျယ်ပြန့်စေမည်ဖြစ်ပါသည်။

  • က) လမ်းညွှန်မြေပုံနှင့်အတူ တိကျစွာ ရေးဆွဲနိုင်ခြင်း __ အကယ်၍ မိုဘိုင်း သို့မဟုတ် ဝဘ် အပလီကေးရှင်း တစ်ခုကို ဖန်တီးရာတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs / Customers) က မည်သည့်အတွက်ကြောင့် မည်သည့် Feature များကို လိုအပ်သည်ကို မသိဘဲ ရေးသားနေမည်ဆိုပါက လမ်းညွှန်မြေပုံ (Navigation Map) မရှိဘဲ မောင်းနှင်နေသည့် မော်တော်ယာဉ်နှင့် တူနေပါလိမ့်မည်။
  • ခ) သုံးစွဲသူဗဟိုပြု စဉ်းစားတွေးခေါ်နိုင်ခြင်း __ သုံးစွဲသူများ၏ လက်တွေ့ လိုအပ်ချက်များကို အနီးကပ် သိရှိလိုက်ရသည့်အခါ - မည်သည့်အတွက်ကြောင့် မည်သည့် Feature ကို လိုအပ်သနည်း၊ မည်သည့် လုပ်ဆောင်ချက်က မရှိမဖြစ် လိုအပ်သနည်း (Mandatory Requirements) စသည်ဖြင့် စနစ်တကျ စဉ်းစားတွေးခေါ်တတ်လာမည် ဖြစ်ပါသည်။ ထိုအခါ စီးပွားရေးလုပ်ငန်းများအတွက် အမှန်တကယ် ထိရောက်ပြီး ပိုမိုကောင်းမွန်သည့် Application များကို Development ပြုလုပ်လာနိုင်မည် ဖြစ်ပါသည်။
  • ဂ) ခိုင်မာသော Skill Set များ ပျောက်ကွယ်မသွားနိုင်ခြင်း __ အလုပ်သင် ကာလ (၃) လဆိုသည်မှာ ခဏတာမျှသာ ဖြစ်ပါသည်။ ထို့ကြောင့် မိမိထံတွင် ခိုင်မာစွာ တည်ဆောက်ထားပြီးသားဖြစ်သော မည်သည့် Programming Skill မှ ပျောက်ကွယ်သွားမည် မဟုတ်ပါဘူး။

၄) လုပ်ငန်းက ကျောင်းသား အရည်အချင်းကို ချိုးနှိမ်ထားလား?

Infotech Myanmar သည် အလုပ်သင် ၃ လတာအတွင်း ကျောင်းသားကို ဖိနှိပ်ချုပ်ချယ်ခြင်း၊ အရည်အချင်းကို ကန့်သတ်ခြင်း၊ အခွင့်အလမ်း ပိတ်ပင်ခြင်းများ လုံးဝမရှိထားပါ။

  • အလုပ်သင်လျှောက်စဉ် − မည်သည့်တွန်းအားပေးမှုမှ မပါဝင်သော ကျောင်းသား၏ ရွေးချယ်မှုသာ ဖြစ်ပါသည်။
  • အလုပ်သင်လုပ်ကိုင်စဉ် − လုပ်ငန်းခွင်၏ လွတ်လပ်၊ လေဝင်လေထွက်ကောင်းမွန်မှုအတွက် ကျောင်းသားကို အချိန်ပြည့်အင်တာနက် ထောက်ပံ့ပေးထားပါသည်။
  • ရုံးချိန်ပြင်ပသင်ယူမှု − ကျောင်းသားကို ဤနေ့ခေတ် AI ဖြင့် Self-Study ပြုလုပ်မှု၊ ပြင်ပသင်တန်းများ (တက်ချင်လျှင်) တက်ရောက်မှု၊ နှင့် နိုင်ငံခြားအွန်လိုင်းသင်ယူမှုများ ပြုလုပ်ရန်ပင် အကြံပြုပေးထားပါသည်။
  • အလုပ်သင်လုပ်ပြီးစီး − အကယ်၍ ကျောင်းသားကို လုပ်ငန်းမှ လိုအပ်သည်ဟု ယူဆသည်ဆိုရင် Official Job Offer ကမ်းလှမ်းနိုင်ပါသည်။ ကျောင်းသားသည် အဆိုပါ Offer ၏ ကြိုတင်သဘောတူညီမှုများကို သဘောတူ၍ အလုပ်လက်ခံနိုင်သလို၊ အခွင့်အလမ်းပို၍ ကမ်းလှမ်းနေသော အခြားလုပ်ငန်းများကိုလည်း လွတ်လပ်စွာ ရွေးချယ်နိုင်ပါသည်။

၅) ကျောင်းသားက Development ပဲ လုပ်ရမှာလား?

Internship ကာလသည် ၃ လမျှသာ ဖြစ်ပါသည်။ ကျောင်းသား၏ လက်ရှိစွမ်းဆောင်ရည်ဖြင့် ခက်ခဲသော ဥပမာ Java Programming တစ်ပုဒ်ပေး၍ ရှေ့မတိုး နောက်မဆုတ် ပိတ်မိနေသောအခြေအနေသည် ကျောင်းသားနှင့် လုပ်ငန်းအတွက် အကျိုးမရှိနိုင်ပါ။

ဒါကြောင့် ကျောင်းသားကို သူ၏ Day One တွင် ခက်ခဲသော Programming အလုပ်မျိုးထက် ပို၍ စိတ်ဝင်စားလွယ်ကူသော task များကို အရင်လုပ်ဆောင်စေမည် ဖြစ်ပါသည်။ အကယ်၍ ကျောင်းသားက အရှိန်ရလာပြီ၊ Programming Development အတွက်လည်း သင့်တော်တယ်၊ ပြီးတော့ လုပ်ငန်း၏ တောင်းဆိုမှုအချိန်သင့်တယ်ဆိုရင် Development အပိုင်းများကို ဦးစားပေး၍ တာဝန်ထမ်းဆောင်စေမည် ဖြစ်ပါသည်။

၆) ကျောင်းသားက Marketing ပဲ လုပ်ရမှာလား?

အကယ်၍ ကျောင်းသားက Programming/Development အပိုင်းထက် ကာစန်မာနှင့် စကားပြောဆိုခြင်း၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်း၊ နှင့် မားကက်တင်းအပိုင်းကို ပိုစိတ်ဝင်စားသည်ဆိုရင် အဆိုပါမားကက်တင်းအပိုင်းကို ဦးစားပေး တာဝန်ထမ်းဆောင်စေမည် ဖြစ်ပါသည်။

၇) Developer နှင့် IT Solution Marketing ဘယ်လမ်းကြောင်း ရွေးချယ်ရမလဲ?

အမှန်တကယ် အလုပ်အကိုင်ရရှိမှုအတွက် ရည်စူးသည်ဆိုရင် ကျောင်းသားသည် သူ၏ ခေါက်ရိုးကျိုး ရင်းနှီးကျွမ်းကျင်နေမှုထက် ပြင်ပတွင် မည်သည့်ရာထူးများ အလုပ်အကိုင် Vacancy ကမ်းလှမ်းမှု ပို၍ရှိနေသည်ဆိုတာကို ဦးစားပေး ကြည့်ရှုရမည် ဖြစ်ပါသည်။

ယေဘုယျအားဖြင့် အိုင်တီနည်းပညာတွင် Developer အလုပ်သည် တောင်းဆိုမှုမြင့်မားပါသည်။ အလုပ်နေရာ နည်းပါးပါသည်။ အလုပ်ရလျှင် အလွန်တန်ဖိုးရှိပါသည်။ IT Solution Marketing သည် Developer အလုပ်လောက် မခက်ခဲပါ။ အလုပ်နေရာ ပေါကြွယ်ဝပါသည်။ အလုပ်ရလျှင် အင်မတန်အကျိုးများစေပါသည်။

မိမိတို့စီနီယာများ အကြံပြုရမည်ဆိုရင် သင်၏ career path သည် သင်နှင့်သာ သက်ဆိုင်ပါသည်။ သူငယ်ချင်းကို ကြည့်ရှု၍ ရွေးချယ်ခြင်း၊ မိဘဆရာ၏ ပြောကြားမှုကို နားထောင်ခြင်းထက် မိမိတို့စီနီယာများ၏ ၃ လအတွင်း အမြည့်လမ်းညွှန်မှုများတွင် ပါဝင်လုပ်ကိုင်ကြည့်၊ ပြီးရင် ကိုယ့်ဘဝအတွက် ဘယ်လမ်းကြောင်းနဲ့ သင့်တော်တယ်ဆိုတာကို ကိုယ်တိုင် ရွေးချယ်လုပ်ကိုင်ရမည် ဖြစ်ပါသည်။

၈) ကျောင်းသားက ရာထူး ဘယ်နှစ်ခုတွင် ပါဝင်လုပ်ကိုင်ရမလဲ?

စီနီယာများမှ ကျောင်းသားနှင့် သင့်တော်သော ရာထူးများကို အစမ်းပြုလုပ်စေမည် ဖြစ်ပါသည်။ အကယ်၍ ကျောင်းသားက အားနည်းနေသည်ဆိုရင် နောက်မည်သည့်ရာထူးနှင့် ပို၍ သင့်တော်မလဲ အကဲဖြတ်၍ သင့်တော်သည့်ရာထူးများကို တာဝန်ချပေးသွားမည် ဖြစ်ပါသည်။

မှတ်ချက်။ ။ အကယ်၍ ကျောင်းသား၏ စိတ်ဓာတ်သည် လုပ်ငန်းခွင်မရောက်ပဲ စာသင်ကျောင်းမှာကဲ့သို့ သူငယ်ချင်းလုပ်တာပဲ လုပ်မယ်၊ bragging လုပ်နေမယ်၊ bad attitude ကိုင်ဆွဲထားသည်ဆိုရင် မည်သည့်ပံ့ပိုးမှုမှ ကယ်တင်နိုင်မည် မဟုတ်ပါ။ ကျောင်းသား၏ ဘဝအပေါ် နားလည်မှုနှင့် ရင့်ကျက်မှုများကို တောင်းဆိုထားပါသည်။


အပိုင်း (ဃ) — အင်တာဗျူးနှင့် Invitation Letter ဆိုင်ရာ
၁) ကျောင်းသားကို ဘယ်လို Interview လဲ?

အင်ဖိုတက်မြန်မာ၏ HR အပိုင်းမှနေ၍ ကျောင်းသား အချက်အလက်၊ အခြေအနေ၊ စိတ်နေသဘောထား၊ ကျွမ်းကျင်မှု၊ ဝါသနာ စသည်များကို အွန်လိုင်းဖောင်ဖြည့်စေ၍ အင်တာဗျူးပေးထားပါသည်။

မှတ်ချက်။ ။ ကျောင်းသားသည် သူ၏ အချက်အလက်များကို ရိုးသားစွာ မှန်မှန်ကန်ကန် ဖြေဆိုရန် အကြံပြုပါသည်။ ထိုသို့ဖြစ်ပါက ကျောင်းသားတွင် ပိုထိရောက်သော အကူအညီပံ့ပိုးမှုများ ရရှိစေမည်ဖြစ်သလို လုပ်ငန်းကိုလည်း ဝန်ထုတ်ဝန်ပိုး နည်းပါးစေမည် ဖြစ်ပါသည်။

၂) ကျောင်းသားတွင် လုပ်ငန်းနှင့်ပတ်သက်၍ မေးခွန်းများ ရှိလျှင် ဘယ်အချိန် မေးမြန်းရမလဲ?

အင်တာဗျူးဖောင်နေရာတွင် လုပ်ငန်းကို ဘာမေးမြန်းချင်လဲ ဆိုသည့်အပိုင်း ပါဝင်ပါသည်။ အဆိုပါနေရာတွင် မေးခွန်းများကို မေးမြန်းနိုင်ပါသည်။

မှတ်ချက်။ ။ ကျောင်းသားသည် အရင်ဆုံး ဤ FAQs ကို ဖတ်ရှုရပါမည်။ အကယ်၍ မေးခွန်းများ ဆက်လက်ကျန်ရှိသေးသည်ဆိုရင် မေးခွန်းများ စုစည်း၍ လေးလေးစားစား မေးမြန်းရန် တောင်းဆိုထားပါသည်။

၃) ဘယ်လိုသူမျိုးကို Invitation Letter ပို့ပေးလဲ?

မိမိတို့မှ ကျောင်းသားအခြေအနေကို သူ၏ အင်တာဗျူးအဖြေများကို ကြည့်ရှု၍ အကဲဖြတ်ပါသည်။ အကယ်၍ ကျောင်းသားက လုပ်ငန်းခွင်နှင့် သင့်တော်တယ်၊ ကျောင်းသားကိုလည်း Solid Skill Set ပံ့ပိုးပေးနိုင်မယ်၊ ပြီးတော့ လုပ်ငန်းအတွက်လည်း Manpower ရရှိစေနိုင်တယ်လို့ နှစ်ဖက်သင့်တော်သော အခြေအနေ Win-Win ဖြစ်နိုင်တယ်ဆိုရင် Invitation Letter ပို့ပေးပါသည်။

မှတ်ချက်။ ။ Internship ၃ လ ဆင်းရုံမျှဖြင့်တော့ Solid Skill Set ရရှိနိုင်မည် မဟုတ်ပါ။ ဒါပေမယ့် ဤ ၃ လကို စီနီယာများ၏ လမ်းညွှန်မှုကို နားထောင်၍ လုပ်ငန်းခွင်မှာ ထည်ထည်ဝင့်ဝင့် ပါဝင်လုပ်ကိုင်မည်ဆိုရင်တော့ လုပ်ငန်းများစွာ၏ လိုအပ်ချက်များဖြစ်သော mindset နှင့် skill set ကို ရရှိသွားမည် ဖြစ်ပါသည်။

၄) ကျောင်းသားသည် Invitation Letter ကို ဘာပြန်လုပ်ပေးရမလဲ?

ကျောင်းသားသည် အဆိုပါ Invitation Letter တွင် ဖော်ပြထားသော Internship လမ်းညွှန်ချက်များကို ဖတ်ရှုနားလည်ရပါမည်။ ပြီးလျှင် အဆိုပါ Invitation Letter ၏ အောက်ဆုံးအပိုင်းတွင် ကျောင်းသားအပိုင်း၌ အမည် (သို့) လက်မှတ်နှင့် နေ့စွဲ ရေးထိုး၍ Invitation ကို လက်ခံရပါမည်။

မှတ်ချက်။ ။ သတ်မှတ်ရက် Deadline ကျော်လွန်လျှင် Invitation Letter သည် Auto Cancel ဖြစ်ပါသည်။ ဒါပေမယ့် တချို့ လျှောက်ထားမှု နောက်ကျနေသူများ၊ အဆက်အသွယ် ပြတ်တောက်နေသူများ၊ နှင့် Second Offer နှင့် ထိုက်တန်သူများဟု ယူဆသည်ဆိုရင် အဆိုပါ Deadline ကို သက်တမ်းတိုးပေးနိုင်ပါသည်။


အပိုင်း (င) — ရှောင်ကျဉ်ရန်အချက်များနှင့် အလုပ်သင်အောင်မြင်ရေး
၁) ကျောင်းသား အကျိုးအတွက် မည်သည့်ကိစ္စများကို ရှောင်ကျဉ်သင့်သလဲ?

  • က) အင်တာဗျူးမေးခွန်းများကို မမှန်မကန် ဖြေဆိုခြင်း — ကျောင်းသားကို နစ်နာစေနိုင်သလို လုပ်ငန်းကိုလည်း အနှောက်အယှက်ဖြစ်စေတာ အမှန်ဖြစ်ပါသည်။ ဥပမာ — Programming မကျွမ်းပဲ Software Development အလုပ်ပဲ လုပ်ကိုင်ချင်ပါတယ်ဆိုခြင်းမျိုး၊ အဆောင်နေစရာ အဆင်မပြေပဲ အဆောင်နေစရာ ရှိနေပါတယ်ဆိုတာမျိုး။
  • ခ) မြင့်မားသော မျှော်လင့်ချက် ထားရှိခြင်း — ဥပမာ တက္ကသိုလ်တွင် ၄~၅ နှစ်တာ ဆရာ ဆရာမများစွာတို့၏ သင်ပြပေးစဉ်က နားမလည်ဖြစ်ခဲ့သည့် သင်ခန်းစာများသည် အခု Internship ကာလအတွင်း စီနီယာများမှ ဆရာ ဆရာမများကဲ့သို့ White Board ကြီးဖြင့် သင်ကြားပေးမည်၊ ဒါကြောင့် ၃ လအတွင်း စီနီယာအိုင်တီပညာရှင်ကြီး ဖြစ်သွားပြီ စသဖြင့် မြင့်မားစွာ မျှော်မှန်းခြင်းမျိုး။
  • ဂ) သူငယ်ချင်း နောက်ကျောကို ကြည့်၍ နားယောင်ခြင်း — ကျောင်းသားသည် များမကြာမီ ကျောင်းများပြီးစီး၍ ကိုယ့်ဘဝ ကိုယ်လမ်း ကိုယ်လျှောက်ရတော့မည် ဖြစ်ပါသည်။ ဒါကို သူငယ်ချင်း နောက်ကျောကြည့်၍ ခြေလှမ်းနေခြင်းမျိုး။
  • ဃ) အရည်အချင်း မဖော်ထုတ်မိခြင်း — သူငယ်ချင်းနှင့် သင် အရည်အချင်း အခြေအနေ ထပ်တူမကျပါ။ ဒါကြောင့် career path ရွေးချယ်မှုသည်လည်း အတူတူပဲ ဖြစ်ရမည်ဟု မှားယွင်းစွာ ထင်မြင်ခြင်းမျိုး။
  • င) ဤ Internship ၃ လကို အချိန်ဖြုန်းတီးပစ်ခြင်း — အလုပ်သင်မဆင်းဖြစ်ဘူး၊ အလုပ်သင်တော့ဆင်းတယ် ဒါပေမယ့် လုပ်ငန်းခွင်မှာ စာသင်ကျောင်းမှာကဲ့သို့ ပြုမူနေတယ်၊ အလုပ်သင် ၃ လတာကို ရေသာခို အချိန်ဖြန်းလိုက်ခြင်းမျိုး။

အထက်ပါများကို သတိမူရှောင်ကျဉ်ရမည် ဖြစ်ပါသည်။

၂) လုပ်ငန်းအကျိုးအတွက် မည်သည့်ကိစ္စများကို ရှောင်ကျဉ်သင့်သလဲ?

သင့်ဘဝ၏ အလုပ်သင် ၃ လတာကို လုပ်ငန်းနှင့် စီနီယာကြီးများမှ နွေးထွေးစွာ ကြိုဆိုထားပါသည်။ လွတ်လွတ်လပ်လပ်၊ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ကိုင်နိုင်ဖို့ အထောက်အပံ့နှင့် အစီအစဉ်များ ချမှတ်ထားပါသည်။ ကျောင်းသားကို Work Attitude နှင့် Solid Skill Set များ (အမှန်တကယ်ရမရသည် ပေးသူထက် လက်ခံသူတွင် ပို၍ပင် မူတည်နေပါသည်) ရရှိစေရန် ရည်ရွယ်ပေးထားပါသည်။

  • က) လုပ်ငန်းအကျိုးစီးပွား — ကျောင်းသားသည် လုပ်ငန်း၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေသော အပြုအမူ အပြောအဆိုများကို အလုပ်သင်ကာလအတွင်းနှင့် အလုပ်သင်ပြီးနောက် ရှောင်ကျဉ်ရပါမည်။
  • ခ) နည်းပညာပိုင်ဆိုင်မှု — ကျောင်းသားသည် ရုံးနေရာ/ရုံးချိန်အတွင်း ပြုလုပ်သော ကာယ/ဉာဏ ဖန်တီးမှုများ အားလုံးသည် ရုံးအပိုင် (Proprietary of Infotech Myanmar) ဖြစ်သည်ကို နားလည်ထားရပါမည်။ မည်သည့်အကြောင်းပြချက်နှင့်မျှ အလွဲသုံးစားပြုလုပ်ခြင်းကို ရှောင်ကျဉ်ရပါမည်။

အကယ်၍ ကျောင်းတွင် ပြသရမည်ဆိုလျှင် စီနီယာများနှင့် တိုင်ပင်၍ မည်သည်ကို မည်မျှအထိ ပြသနိုင်မည် စသဖြင့်ကို အရင်ဦးဆုံး ခွင့်ပြုချက် တောင်းဆိုရမှာ ဖြစ်ပါသည်။ စီနီယာများမှ အကဲဖြတ်၍ အဆင်ပြေတယ်ဆိုရင် ပြသနိုင်ရန် ခွင့်ပြုပေးမှာ ဖြစ်ပါသည်။

၃) Internship Program ကို ဘယ်လို ပါဝင်လုပ်ကိုင်ရမလဲ?

Internship ၃ လတာကာလအတွင်း YouTube ကြည့်သလို ပြုလုပ်နေသည်ဆိုရင် ကျောင်းသားအတွက် နစ်နာမည်ဖြစ်သလို လုပ်ငန်းအတွက်လည်း ဝန်ထုတ်ဝန်ပိုး ဖြစ်စေမည်ပါ။ ဒါကြောင့် ကျောင်းသားသည် ၃ လအတွင်း ပင်ပန်းလှသည်ဟု မအောက်မေ့ပဲ သင်ယူစရာ၊ မှတ်သားစရာ၊ လုပ်ဆောင်စရာများကို တက်တက်ကြွကြွ အပေးအယူမျှမျှ ပါဝင်လုပ်ဆောင်ဖို့ကို တိုက်တွန်းထားပါသည်။ ဒါဆိုရင် ကျောင်းသားတွင် တကယ့်လုပ်ငန်းအတွေ့အကြုံနှင့် ၎င်းနှင့် ဆက်စပ်သော Skill Set များကို ဘဝတစ်လျှောက် ပိုင်ဆိုင်အသုံးချသွားနိုင်မည် ဖြစ်ပါသည်။


ဆက်သွယ်ရန်
အထက်ပါ FAQs (သို့) အလုပ်သင်အစီအစဉ် (Internship Program) နှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းမေးမြန်းလိုပါက hr@infotechmyanmar.com ထံသို့ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါသည်။

What's Your Reaction?

like

dislike

love

funny

angry

sad

wow